Friday, April 4, 2014

ယမုံနာအလွမ်း ယမုံနာဝေဒနာ

By Lalrinthari Mizo

• ယမုံနာမှာ လုပ်ခဲ့ရတဲ့ တချိန်က ကျမတို့ရဲ့ ရွှေရောင်လွှမ်းခဲ့သောနေ့ရက်များကို ပြန်လည်လွမ်းဆွတ်တသစွာဖြင့် ဤစာကို ရေးသားပါတယ်။ ဆရာ (Dr Tint Swe) ခင်မိုးဆွေနှင့် ကျမတို့ မွေးလူနာစောင့်ရင်း၊ ရေနွေးကြမ်းသောက်ရင်း ရောက်တတ်ရာရာ ပြောခဲ့ဆိုခဲ့ကြတဲ့ အချိန်ကာလလေးကို အမှတ်ရလွမ်းဆွတ်မိပါတယ်။
• ယမုံနာမှာကြုံရ ဆုံရတာတွေကို ပြန်လည်တွေးတောမိတော့ ကျမ မလွမ်းပဲ မပြုံးပဲ မနေနိုင်ပါဘူး။ ဆေးခန်းမှာလုပ်ခဲ့ကြတဲ့ ဆရာကအစ ကျမအဆုံး အားလုံးဟာ စေတနာ့ဝန်ထမ်းများသာဖြစ်ပါတယ်။ ကျမတို့ တတွေအားလုံးဟာ စေတနာ့ ဝန်ထမ်းများ ဖြစ်ကြရတဲ့အပြင် ကိုယ့်လမ်းစားရိတ်ကိုယ်ခံ ကိုယ့်မိုဘိုင်းဘိုး ကိုရှင်း၊ အပိုဆုအဖြစ် လုံခြည် အဟောင်းတွေကို နွမ်းပါးသောလူနာများအတွက် စုဆောင်းရပါသေးတယ်။

• ဆေးခန်းဖွင့်ရက်တွေကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေဖြစ်ပေမဲ့ အရေးပေါ်ရင်ပေါ်သလို ကျမတို့တတွေ အမြဲတမ်း အဆင်သင့်ရှိနေရပါတယ်။ ဥပမာ မွေးလူနာရှိတဲ့ အခါမျိုး၊ ထိပ်ပေါက်ခေါင်းကွဲရှိတဲ့အခါမျိုး နဲ့ ရာသီပေါ် ရောဂါများ (အထက်လှန်အောက်လျော၊ ဝမ်းသွား၊ ဝမ်းကိုက်) ရှိတဲ့အခါမျိုးပေါ့။ ဒါ့အပြင် ခွဲဘို့ ချုပ်ဘို့ ကိစ္စမျိုး၊ အချိန်ပေးပြီး အနုစိတ်လုပ်ရတဲ့ case မျိုးဆိုရင်တော့ ဆေးခန်းပိတ်ရက်တွေကို ရက်ချိန်းပေးပြီး ကုသပေးရပါတယ်။

• ဆရာနိုင်ငံရေးကိစ္စနဲ့ ခရီးထွက်တဲ့ အခါမျိုးမှာဆိုရင်တော့ ကျမနဲ့ ခင်မိုးဆွေ၊ ဒေါ်မြမြအေးပဲ ဆေးခန်းကိစ္စအဝဝကို တာဝန်ယူရပါတယ်။ ကျမတို့ နှစ်ဦးထဲ ဆရာခရီးသွားနေတုန်း မွေးဖွားပေးခဲ့ရတဲ့ ကလေးတွေဟာ အခုဆိုရင် အမေရိကား၊ နော်ဝေး၊ သြစတေးလျ စသဖြင့် နိုင်ငံအနှံရောက်နေပြီပေါ့။ နည်းနည်း ကြီးတဲ့ case တွေရှိနေပြီဆိုရင်တော့ အခြား ဆရာဝန်များဖြစ်တဲ့ ဆရာဇော် (ဒေါက်တာ ဇော်ဝင်းအောင်) နှင့် ဒေါက်တာ အောင်ကျော်ဦး (မြတ်ထက်) တို့ကို ဖုန်းနဲ့ မေးမြန်း အကူညီတောင်းရပါတယ်။ ဆရာများကလည်း စိတ်ရှည်လက်ရှည် ရှင်းပြ အကူအညီပေးပါတယ်။

• ကျမတို့ အရည်အချင်းမြှင့်နိုင်ဘို့အတွက် ဆရာက သူ့ရဲ့ နိုင်ငံရေးကိစ္စတွေ မအားမလပ်တဲ့ကြားထဲ သူကိုယ်တိုင် (note) တွေရေး၊ မိတ်တ္တူကူးပြီး ခန္ဒာဗေဒ (Anatomy)၊ ရောဂါလက္ခဏာများ (Symptoms) နှင့် ဆေးဝါးနှင့် ဘေးထွက် ဆိုးကျိုးများကို စနစ်တကျ ပြုစုပြီး ကျမတို့ကို တပါတ်(၂) ကြိမ်သင်ပေးပါတယ်။ ဒီနေရာကနေပြီး ဆရာ့ကျေးဇူးတွေကို လက်အုပ်ချီပြီး ကန်တော့ပါတယ်။

• ကျမတို့ အတော်အတန်သိနားလည်ပြီးတဲ့ အခါမှာ ကျတို့ ဆေးခန်းမှ ဦးစီးပြီး ဒေလီရောက် မြန်မာလူထု အထူးသဖြင့် အိမ်ရှင်မတွေကို အခြေခံကျန်းမာရေး သင်တန်းပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဥပမာ လိင်နဲ့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ဘယ်လိုကာကွယ်မလဲ၊ ရှေးဦးသူနာပြုစုနည်း၊ နေထိုင်စားသောက်မှုကြောင့် ဖြစ်စေတတ်သော ရောဂါကာကွယ်ရေး ( ဥပမာ ဝမ်းလျော၊ ဝမ်းပျက်) ပေါ့။ အဲဒီအခါမှာ ဆရာရဲ့ ရုံးခန်းကို ပဲ အဓိက အသုံးပြုခဲ့ရတဲ့ အခေါက်ပေါင်း မနည်းသလို လူနေအိမ်တွေကို ခရစ်ယာန်ဘုရားကျောင်း အဖြစ်ပြုလုပ်ထားတဲ့ ကျဉ်းကျပ်ပြီး မွန်းလှောင်နေတဲ့ နေရာတွေကို သွားရတဲ့ အခေါက်ပေါင်းလည်း မနည်းလှပါဘူး။

• တကယ်တော့ ယမုံနာကို လာကြတဲ့ လူနာအများစုက ကျမတို့ ချင်းလူမျိုးတွေပါ။ အဲဒီအခါမှာ ဘာသာစကား အခက်အခဲကြောင့် ဆရာကို မျက်နှာပူရတဲ့ အခေါက်ပေါင်း မနည်းခဲ့သလို၊ ပြုံးရီမိခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းပါဘူး။ အပြောမတတ်တော့ ဆဲဆိုသလို လူနာတွေ အများစုက ဗမာစကားမကျွမ်းကျင်တဲ့ အပြင် တခါတလေ ချင်းဘာသာမှ ဗမာဘာသာကို တိုက်ရိုက်ဘာသာပြန်လိုက်လို့ ရိုင်းသလိုဖြစ်သွားခဲ့ရတဲ့ အခေါက်ပေါင်းလည်း ရေတွက်နိုင်မယ် မထင်ပါဘူး။ ကျမ အခုထိ ယမုံနာမှာ ဆက်ရှိနေအုံးမယ်ဆိုရင် ချင်းဗမာ အဘိဓါန် တခုတော့ ပေါ်လာနိုင်မယ် ထင်မိပါတယ်။

• ယမုံနာမှာလုပ်ခဲ့ရတုန်းက အပင်ပန်းဆုံကတော့ ကလေးမီးဖွားတဲ့ ကိစ္စပါပဲ။ အားလုံးသိတဲ့ အတိုင်း ယောက်ျားဖောင်စီး မိန်းမမီးနေဆိုသလို မီးဖွားတဲ့ကိစ္စဟာ မိခင်အတွက် အသက်အန္တရယ်နဲ့ အလွန်နီးပါတယ်။ ကျမတို့တတွေအတွက်လည်း အလွန်ပင်ပန်းတဲ့ အလုပ်ပါ။ တချို့မွေးလူနာတွေက (၂) ညဆက်တိုက် မိုးအလင်း စောင့်ပြီးမှ မွေးဖွားပေးခဲ့ရသလို၊ တချို့ ရက်သတ္တပါတ်မျိုးမှာဆိုရင် မွေးလူနာ (၄) ဦးထိ မွေးပေးခဲ့ရတာမျိုး ရှိခဲ့ဘူးပါတယ်။ ကလေးမွေးဖွားမှု ချောမွေ့စွာ မပြီးမခြင်း သက်ပြင်းတောင်ကောင်းကောင်း မချနိုင်ပါဘူး။ ဒါပေမဲ့ ကလေးချောမွေ့စွာ မွေးဖွားပြီးလို့ ကလေးငိုသံကြားရတဲ့ အခါမှာတော့ ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးပျောက်ကွယ်သွားရပါတယ်။ ကိုယ်မွေးဖွားပေးတဲ့ မွေးကင်းစကလေး တယောက်ရဲ့ ငိုသံဟာ ကျမတို့ အတွက်တော့ အသာယာဆုံးသော ဂီတသံပါ။

• ဒီနေရာမှာ မထောက်တမ်းမညှာတမ်း ဆရာ့ကို ဝေဖန် ရမယ်ဆိုရင် ဆရာ မျက်နှာလိုက်ခဲ့တာရှိခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဖော် ကိုင်ဖက် နိုင်ငံရေး အသိုင်းအဝိုင်းကလူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ဆေးခန်းကိုလာရင် အလှည့်ကျ တန်းမစီစေပဲ ဦးစားပေး ကုသပေးတတ်တာပါပဲ။ ကျမတို့ကလည်း နားလည်စွာသဘောပေါက်ခဲ့ပါတယ်။ သဘောလည်း တူခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေက လာခဲလို့ပါ။

• ဆိုခဲ့သလို ယမုံနာမှာ လုပ်ခဲ့ရတာ ပင်ပန်းခက်ခဲခဲ့ပေမဲ့ ကျမသိပ်ကို ဂုဏ်ယူပါတယ်။ ယမုံနာမှာ ကျမ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ သိပ်ကိုလည်းပျော်ခဲ့ပါတယ်။ ရှည်လျားလှတဲ့ ညတာတွေကို စိတ်လှုပ်ရှားရင်ခုံစွာ လူနာတွေကို စောင့်ရင်း စကားစမြည်ပြောခဲ့တာတွေကို လွမ်းမိပါတယ်။

• ဆရာနှင့်တကွ ယမုံနာဝိုင်းတော်သားများ ကျန်းမာရွှင်လန်းကြပါစေ။

• Lalrinthari Mizo


• (စာရေးတဲ့သူဟာ ကျွန်တော့် လက်ထောက်တွေထဲက နံပါတ်စဉ် (၅) မထားရီ ဖြစ်ပါတယ်။ သူက နော်ဝေမှာ အခြေချ နေထိုင်ရပြီး၊ နော်ဝေမှာ ၃ နှစ်တက်ရတဲ့ သူနာပြုဘွဲ့ရသွားပါပြီ။ သင်တန်းတက်ကာစ အတန်းထဲမှာ ရုတ်တရက် အသက်ရှူ-နှလုံးခုန်ု ပြဿနာဖြစ်သွားသူတယောက်ကို မထားရီကနေ CPR နဲ့ ကယ်ဆယ်နိုင်ခဲ့တဲ့နေ့ကလဲ ချက်ချင်း ကျွန်တော့်ဆီကို ဖုန်းဆက်ပြောပါသေးတယ်။ သူ့ခင်ပွန်းကလဲ နိုင်ငံရေးမှာ လုပ်ဖေါ်ကိုင်ဖက်တယောက်ဖြစ်တယ်။ ခင်မိုးဆွေဆိုတာက နံပါတ်စဉ် ၂ ဖြစ်ပြီး ကနေဒါကိုရောက်နေပါတယ်။)

• ဓါတ်ပုံ = ၃ဝ-၇-၂ဝဝ၇ နေ့က ရှေးဦးသူနာပြုသင်တန်းဆင်းပွဲမှာ မထားရီက အခန်းအနားမှူးလုပ်ပါတယ်။

• ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၄

No comments:

Post a Comment