Sunday, July 28, 2013

မိုဘိုင်း-အွန်လိုင်း အိပ်မက်

• ကျွန်တော်လဲ ရွေ့လျားဆေးခန်း အိပ်မက်မက်နေတာ မကြာလှသေးပါ။ Yamuna Online Mobile Clinic လို့ နာမည် ပေးထားပြီးပြီ။ (မမွေးသေခင် ကလေးနာမည်ရွေးထားသလိုပေါ့။)
• ယမုန်နာဆေးခန်းလေး ဖွင့်ထားတာ ၁ဝ နှစ်ကျော်ပြီ။ မွေးလူနာလက်ခံတာ ၇ နှစ်ရှိပြီ။ (အွန်လိုင်း) ကနေ ကျန်းမာရေးနဲ့ ဆေးပညာစာတွေ ရေးနေတာ ၅ နှစ်လောက် ရှိပြီ။ မေးသမျှဖြေပေးနေတာ ၃ နှစ်ရှိပြီ။
• အိပ်မက်ထဲမှာ မြန်မာပြည်တလွှား အရှေ့-အနောက်-တောင်-မြောက် မြို့မရွေး-ရွာမရွေး ရွေ့လျားပြီး၊ ဆေးကုပေးချင်လာတယ်။ ကားမောင်းလို့ ရတဲ့နေရာမှန်သမျှ သွားမယ်။ တောင်ပေါ်လဲ တက်နိုင်မှာပေါ့။ ကျန်းမာရေး-ဆေးပညာလဲ ပေးမယ်၊ သင်တန်းလဲပေးမယ်၊ မေးတာလဲဖြေနေမယ်။
• ကားကြီးကြီးလိုမယ်။ အသေအခြာတပ်ဆင်၊ ပြင်ဆင်ထားချင်တယ်။ ကားခေါင်မိုးမှာ Solar plate (ဆိုလာ) ပြားကြီးရှိမယ်။ ဆေးသိုလှောင်စရာ ရေခဲသေတ္တာကြီးကြီးပါရမယ်။ မီးဖို၊ ရေအိမ်သာ စတာတွေ။
• ဆေးတွေကလဲ Generic genuine ဆေးတွေဖြစ်စေရမယ်။ ဘယ်ကနေ ဘယ်လိုဝယ်မလဲ စဉ်းစားနေတယ်။
• ဆေးကုရာမှာ စောင့်ထိန်းလိုက်နာစရာစည်းကမ်း အလေးထားမယ်။ ငွေရေးကြေးရေး ပွင့်လင်းမှုဆိုတာ လိုမယ်။ စာရင်းကိုင်၊ စာရင်းစစ်တွေ အကူအညီတောင်းရမယ်။ ကားမောင်တာကအစ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုမယ်။ အခုလုပ်မှာကလဲ မှတ်ပုံတင်တာ၊ ခွင့်ပြုချက်ယူတာတွေလိုမယ်။ (ကိုယ့်မှာတော့ ဆမ အသိမ်းခံထားရတုံး။)
• ဓါတ်ခွဲခန်း သေးသေးလဲကားကြီးပေါ်မှာ ပါချင်တယ်။ HIV အမြန်စစ်ပေးတာ ရှိချင်တယ်။ ဓါတ်မှန်၊ (အာလ်ထွာဆောင်း) တော့ ပါချင်တယ်။ ပညာရှင်တွေ ရပါ့မလား။ ကိုယ်ကကော သူတို့ကို ကြွေးမွေးထားနိုင်ပါ့မလား။
• ကာကွယ်ဆေး (မွေးစကလေး၊ ကလေး၊ အမျိုးသမီး၊ လိင်ကတဆင့်ကူးစက်ရောဂါတွေ) ပါချင်တယ်။
• လက်ကလဲ အကျင့်ပါနေလို့ ခွဲစိတ်တာ၊ မွေးဖွါးပေးတာမျိုးလဲ လုပ်ချင်သေးတယ်။ ခွဲစိတ်ခန်းကော ကားထဲမှာ ဆန့်မလား မသိဘူး။ မေ့ဆေး။ ပိုးသန့်ရှင်းမှု။ ခွဲပြီးလူနာ ဘယ်လို ဆက်စောင့်ရှောက်မလဲ။ ဒေသခံတွေဆီကနေ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူရမှာဘဲ။

• သဘာဝပါတ်ဝန်းကျင်ဆိုတာ လိုက်နာစေမယ်။ စွန့်ပြစ်ပစ္စည်းတွေ၊ တခါသုံး ပစ္စည်းတွေ စနစ်တကျ ထားချင်တယ်။ အင်ဂျင်နီယာလိုလာမယ်။
• သွားလေရာတိုင်းမှာ သုတေသနလုပ်ချင်တယ်။ လူတွေ ဘယ်လိုနေထိုင်ကြသလဲ။ ဘာတွေစားကြသလဲ၊ ဘာတွေရောင်းဝယ်ကြသလဲ။ ဥပမာ ဆီကဘယ်လိုလဲ၊ ဟင်းသီးဟင်းရွက်တွေမှာ ဘယ်လိုသတိထားစရာတွေ ပါနေလဲ။ သောက်ရေ-သုံးရေ စတာတွေ။ သုတေသနပညာရှင် လိုမယ်။ သဘာဝနဲ့ ကျန်းမာရေးနဲ့ညီမျှအောင် ဘယ်လိုအကြံကောင်း ပေးနိုင်လာမလဲ။
• ကူမဲ့သူတွေကို လုပ်အားပေးဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ပါ။ ခေတ်က (ဗော်လန်တီယာ) ဖြစ်လာပြီ။ ဒါလဲ ဗိုလ်ဆန်လို့ အာမတွေ့လှဘူး။ သူတို့က ဘယ်လိုခေါ်စေချင်သလဲ၊ သူတို့သဘောဘဲ။ စည်းကမ်းတော့ထားမယ်။ လူမျိုး-ဘာသာ မရွေးလက်ခံမယ်။ ပညာအခြေခံလောက်သာရှိသူတွေကို ပညာသင်ပေးတဲ့အကျင့် ရှိထားပါပြီ။ စေတနာနဲ့ အချိန်ပေးနိုင်ရင် လက်ခံမယ်။ အင်္ဂလိပ်စာလဲ အခြေခံလောက်တော့ တတ်ခဲ့စေချင်တယ်။
• အဲ့ နိုင်ငံရေးကတော့ အလံထောင်မထားပေမဲ့ NLD ဖြစ်ရမယ်။ ပါတီဝင်မဖြစ်သေးလဲ အနည်းဆုံး NLD ကို မဲတော့ပေးမှရမယ်။ လူငယ်လေးတွေကို နိုင်ငံရေးအသိဖြည့်ပေး၊ ကူပေးချင်တယ်။ သူတို့ဆီကနေလဲ နားထောင်ချင်တယ်။
• အိပ်မက်ဆိုတာ့ အတိုင်းအဆ မရှိပေါ့။ လက်ထဲမှာတော့ တပြားမှမရှိဘူး။ တတ်နိုင်တဲ့သူငယ်ချင်းတွေကို ဟေ့ကောင်တွေ ဘယ်လောက်စီပေးကြကွာလို့ တောင်းရမလား။ အမျိုးတွေကို စေတနာပေါက်အောင် ပြောရ ဟောရမလား။ ဘုန်းကြီးတွေဆီက အလှူခံရမလား။ အဖြူတွေဆီကတော့ တောင်းဘို့စိတ်မကူးဘူး။ ယမုန်နာ ဆေးခန်းလုပ်သလို သူတို့ကကူချင်ရင်တော့ လာပေါ့။ ကိုယ်ကနေ လက်ဖြန့်မတောင်းဘူး။ မနေ့ကပဲ အင်္ဂလန်ကနေ ဆေးခန်းလစာ ၆ လတွက် ပေးလာတာရှိတယ်။

• ၂၄ နာရီ (လွန်လိုင်း) ရှိအောင် ကြိုးစားရမယ်။ နည်းပညာသယ်လိုမယ်။ Real time တင်ပေး၊ ဖြေပေးနေမယ်။ ကွန်ပြူတာ ၃-၄ လုံးလိုမယ်။ အင်တာနက်မြန်တာ ဘယ်လိုရအောင်လုပ်မလဲ။ လူငယ်တွေကို အားကိုးရမယ်။
• ကွန်ယက် ဆိုတာထားမယ်။ သူငယ်ချင်း အထူးကုဆရာဝန်တွေကို မေတ္တာရပ်ခံထားမယ်။ ချက်ချင်း လှမ်းပြီး အတိုင်ပင်ခံ လုပ်ပေးဘို့။ အိုင်တီနည်းပညာနဲ့ ရောဂါရှာဖွေအဖြေတွေကို သူတို့ဆီကို အင်တာနက်ကနေ ပို့ပေးမယ်။ အကူအညီတောင်းမယ်။ သူတို့လဲ ကုသိုလ်ရတာပေါ့။ ရန်ကုန်၊ မန္တလေး မှာသာမကပါ၊ လန်ဒန်၊ အယ်လ်အေ စတာတွေမှာ ကိုယ့်လူတွေရှိတယ်။
• အကြီးအကျယ် တွေးတာဖြစ်ပေမဲ့ တကယ့်အလုပ်မှာ ကျန်းမာရေးလုပ်သားတို့၊ အရံသားဖွါးဆရာမတို့လို မြေပြင်မှာ အိမ်တိုင်ယာရောက် သေးသေးဖွဲဖွဲလေးမျိုးတွေကိုသာ လုပ်ရမှာဖြစ်တယ်။
• Henry Norman Bethune (ဟင်နရီ နော်မန် ဗက်သွန်း) ခေတ်မဟုတ်တော့ဘူး။ ကနေဒီယန် ဆရာဝန် တဦးကနေ ဆင်းရဲလွန်းတဲ့ တရုပ်လူမျိုးတွေကို သမိုင်းတင်လောက်အောင် ကူညီခဲ့တယ်။ အခုလုပ်ချင်တာက ကိုယ့်လူမျိုး ဆရာဝန်တယောက်ကနေ ကိုယ့်နိုင်ငံသားတွေကို ၂၁ ရာစု နည်းပညာအကူအညီနဲ့ တတ်နိုင်တာလေး လုပ်ပေးချင်တာဖြစ်ပါတယ်။
• အိပ်မက်ကနေ နိုးလာပြီဗျာ။ ဆက်မက်ပါအုံးမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၃

No comments:

Post a Comment