Thursday, June 14, 2012

ဒေါက်တာလေးတွေရဲ့ အခက်အခဲက

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၁၄ ရက် ၂ဝ၁၂ ခုနှစ်
သို့
အယ်ဒီတာရှင့်
ကျမ ကတော့ ရန်ကုန်ဆေးတက္ကသိုလ် (၁) က ၂ဝ၁၁ ခုနှစ်မှာ ဆေးပညာဘွဲ့ ရရှိထားတဲ့ ဆရာဝန်တဦး ဖြစ်ပါတယ်။ အခု ပြောပြချင်တာက ဆရာဝန်တွေကို သတ်မှတ်ထားတဲ့ Education Clearance (EC) အကြောင်းပါ။

ဆရာဝန်တယောက် ဘယ်လို အကြောင်းကြောင့်ပဲ နိုင်ငံခြားထွက်ထွက် ၁ဝ သိန်း ပေးလျော်ပြီးမှ သွားရမယ်လို့ သတ်မှတ်ထားပါတယ်။ ၁ဝ သိန်းဆိုတဲ့ ငွေက အထူးကု ဆရာဝန်ကြီးတွေ၊ ဆေးခန်းကြီးတွေမှာ လူနာ လက်မလည်အောင် ကြည့်နေရတဲ့ ဆရာဝန်ကြီးတွေအတွက် မပြောပလောက်တဲ့ငွေ ဆိုပေမယ့် ကျမတို့လို ကျောင်းပြီးခါစ ဆရာဝန်ပေါက်စတွေ အတွက်ကျတော့ မတတ်နိုင်လောက်တဲ့ ငွေကြေးပါ။

ဆရာဝန်တိုင်းကလည်း အထက်တန်းလွှာ၊ လူဂုဏ်တန်တွေရဲ့ သားသမီးတွေမှ မဟုတ်ကြတာ။ မိဘက ပံ့ပိုးမပေးနိုင် တဲ့ ဆရာဝန်တွေ အများကြီးပါ။ ဆေးကျောင်း တက်တဲ့ တောက်လျှောက် Guide လုပ်ပြီး စာအုပ်ဖိုးနဲ့ ကျူရှင်လခကိုရှာ၊ ကျောင်းပြီးပြန်တော့လည်း နိုင်ငံတော်က နှစ်နဲ့ချီပြီး အလုပ်မပေးနိုင်။ ကိုယ်ပိုင်ဆေးခန်း ဖွင့်ဖို့ အရင်းအနှီး မရှိ။ ပုဂ္ဂလိက ဆေးရုံတွေ ပေးတဲ့ လစာကလည်း အများဆုံး ၁၂ဝ,ဝဝဝ နဲ့ ၁၈ဝ,ဝဝဝ ပဲ ဆိုတော့ စားဝတ်နေရေးက အတော်ကို ခက်ခဲပါတယ်။

နိုင်ငံခြား အလုပ်အကိုင်တွေ၊ နိုင်ငံခြား တက္ကသိုလ်တွေက ဘွဲ့လွန် တက်ရောက်ဖို့ ပညာသင် ထောက်ပံ့ကြေး (Scholarship) ပေးရင်တောင် ဒီ ၁ဝ သိန်းကို မပေးနိုင်လို့ သွားခွင့် မရှိဘူးဆိုတော့ ကျမတို့ လူငယ်ဆရာဝန်တွေအတွက် တကယ်နစ်နာပါတယ်။ မြန်မာပြည်မှာ တခြားတက္ကသိုလ်တွေရဲ့ EC က သောင်းဂဏန်းပါပဲ။ ဆရာဝန်တွေကို ၁ဝ သိန်းလို့  အဆတရာ ကွာခြားသတ်မှတ်ထားပေမယ့် အထူးကုမဟုတ်တဲ့ ဆရာဝန်တယောက်ရဲ့ တလဝင်ငွေဟာ ငွေကျပ် နှစ်သိန်းထက် မပိုပါဘူး။ ဒီ နှစ်သိန်းဆိုတဲ့ငွေက နေစရိတ်နဲ့ စားစရိတ်ကို လောက်ငှဖို့တောင် အနိုင်နိုင်ပါ။ မပြေလည်တဲ့၊ ဆင်းရဲတဲ့ ဆရာဝန်တွေရဲ့ အနာဂတ်လမ်းကို ပိတ်လိုက်သလိုပါပဲ။

ဒီကိစ္စကို သက်ဆိုင်သူ၊ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ကူညီ ဆောင်ရွက်ပေးစေလိုပါတယ်။ ဆရာဝန်တိုင်း အခက်အခဲမရှိ ပေးဆောင်နိုင်မယ့် EC ပမာဏကို ပြောင်းလဲသတ်မှတ်ပေးဖို့ လူငယ်ဆရာဝန် အားလုံးရဲ့ ကိုယ်စား တောင်းဆိုအပ်ပါတယ်။

"EC ပဏာမကိုပြောင်းလဲသတ်မှတ်ပေးပါ: ဆိုတဲ့ခေါင်းစဉ်နဲ့ နောက်ဆုံးထုတ် Hot News ဂျာနယ်မျာလဲ ပါတယ်။

No comments:

Post a Comment