Thursday, January 19, 2012

၉-၅-၂ဝ၁၁ အိုင်ဇောလ်ရှိ မြန်မာပြည်သားများအား အခမဲ့ ကျန်းမာရေး စစ်ဆေး

Free Clinic for Burmese Community in Aizawl
Khonumthung News Group

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် နေထိုင်သော အဲန်စီဂျီယူဘီ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေသည် အိုင်ဇောလ်မြို့သို့ ရောက်ရှိလာပြီး မြန်မာပြည်သားများအား အခမဲ့ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ဒေါက်တာတင့်ဆွေသည် Burma Center Delhi နှင့်အတူ မီဇိုရမ်ပြည်နယ်ရှိ NGO အသီးသီးနှင့် မြန်မာ့အရေးဆွေးနွေးရန် အိုင်ဇောလ်မြို့သို့ မေလ ၅ ရက်နေ့က ရောက်ရှိလာသည့်အချိန်တွင် ယခုကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်းကိုပါ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“ဆရာကြီး အိုင်ဇောလ်ရောက်လာတာ အများကြီး ဝမ်းသာတယ်၊ ကိုယ့် စကားနဲ့ ကျန်းမာရေး စစ်ဆေးရတာဆိုတော့ စိတ်ချမ်းသာတယ်၊ ကျမဘယ်လိုပြောရမလဲ၊စိတ်ထဲမှာလည်း တမျိုးကြီးခံစားတယ်” ဟု ယက္ကန်းသည် အမျိုးသမီး တဦးကပြောသည်။
ဝန်ကြီးသည် အိုင်ဇောလ်တွင် နေထိုင်စဉ် ညနေတိုင်းတွင် လူနာများကိုကြည့်ရှုကြောင်း လူနာပေါင်း ၁ဝဝ ခန့် ကျန်းမာရေး စစ်ဆေးရန် လာရောက်ပြသကြောင်း၊ အထူးသဖြင့် မြန်မာပြည်သား ယက္ကန်းသမားများဖြစ်ကြကြောင်း သိရသည်။
“ဒီတခါ Free Clinic ပြုလုပ်တာ လာရောက်ပြသသူ အတော်လေးများတယ်၊ ဒေါက်တာက (ဇောင်းသွေ) ရပ်ကွက်မှာဆိုရင် ညနေပိုင်း ၂ နာရီကစတာ ညနေ ၇နာရီကျော်ကျော်မှ ပြီးနိုင်တယ်” ဟု မြန်မာ လူမှုရေးအသင်း ကော်မတီဝင်တဦးက ပြောသည်။
“ကျမတို့က စကားမတတ်တော့ အိုင်ဇောလ်မှာ ဆေးခန်း၊ ဆေးရုံသွားတာသိပ်အဆင်မပြေဘူး၊ အခုလို အခမဲ့လည်း ဖြစ်တယ်၊ မြန်မာဆရာဝန် ကိုယ်တိုင် လာရောက်ပြီး စစ်ဆေးစမ်းသပ်တော့ ကျမတို့အနေနဲ့လည်း အများကြီးဝမ်းလည်း သာတယ်” ဟု လူနာ အမျိုးသမီးတဦးက ပြောသည်။
ဒေါက်တာတင့်ဆွေသည် အိန္ဒိယနိုင်ငံဒေလီမြို့တွင် မြန်မာပြည်သားဒုက္ခသည်များအတွက် ယမုံနာဆေးခန်းကို အခမဲ့ဖွင့် လှစ်ပေးနေသည်။
အိုင်ဇောလ်မြို့တွင် မြန်မာ့လူမှုရေးအသင်းဦးဆောင်မှုဖြင့် ယခင်နှစ်များတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအကြား ယခုကဲ့သို့ Free Clinic ကို ဒေသခံ မီဇိုးဆရာဝန်များကို ပင့်ပြီး ပြုလုပ်လေ့ရှိသည်။
”ကျတော်တို့ မြန်မာလူမှုရေးအသင်းအနေနဲ့ ခုလိုမျိုး Free Clinic ကိုဒေသခံဆရာဝန်တွေပင့်ပြီး ပြုလုပ်လေ့ရှိတယ်ပေါ့နော်၊ ခါတိုင်းဆို ဒေသခံ ဆရာဝန်တွေနဲ့ မြန်မာပြည်သား လူနာတွေအကြား ဘာသာပြန်ပေးရတာတွေနဲ့ အချိန်ကုန်တာ များတယ်၊ ခုတော့ လူနာတွေကလည်း ကိုယ်ဖြစ်နေတဲ့ရောဂါအခြေအနေတွေကို ဗမာလို ကောင်း ကောင်းမွန်မွန် ကိုယ်တိုင်ပြောနိုင်တယ်၊ ကြားတဲ့မှာ ဘာသာပြန်ပေးစရာ မလိုတော့ဘူးဆိုတော့ တကယ့်ကို အဆင်ပြေတယ်” ဟုမြန်မာ့ လူမှုရေးအသင်း လူကြီးတဦးက ပြောသည်။
ဝန်ကြီး ဦးတင့်ဆွေ နှင့် Burma Center Delhi အဖွဲ့တို့သည် မေလ ၆ ရက်နေ့က အိုက်ဇောလ်ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသည့် ခေါင်းဆောင်များ၊ ဒေသခံ အဲန်ဂျီအိုအဖွဲ့အစည်းများနှင့် တွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေး၊ အိန္ဒိယ-မြန်မာ ဆက်ဆံရေး အခြေအနေ၊ မီဇိုရမ်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
http://khonumthungburmese.org/?p=1293

No comments:

Post a Comment